စာသင်ခန်းတစ်ခန်းထဲမှာ သင်ယူသူတွေဟာ အသက်အရွယ်၊ ဘာသာစကား နောက်ခံ၊ နားလည်မှုပုံစံနဲ့ လိုအပ်တဲ့ အကူအညီတွေ အားလုံး မတူညီကြပါဘူး။ တချို့က ရှင်းပြပြီးတာနဲ့ ချက်ချင်း လက်တွေ့လုပ်နိုင်ပေမယ့်၊ တချို့ကတော့ နမူနာတစ်ခုလောက် ထပ်ကြည့်ဖို့ လိုအပ်တတ်ပါတယ်။ တချို့က အဖြေကို သိနေပေမယ့် အင်္ဂလိပ်လို ပြန်ပြောဖို့ အချိန်နည်းနည်း ယူရတတ်ပါတယ်။
ဒီလို မတူညီမှုလေးတွေကို နားလည်ပြီး သင်ယူသူတိုင်း တက်တက်ကြွကြွ ပါဝင်နိုင်မယ့် စာသင်ခန်းတစ်ခု ဘယ်လိုဖန်တီးနိုင်မလဲ ဆိုတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က Novotel Yangon Max မှာ ကျင်းပခဲ့တဲ့ Hachette Learning နဲ့ U-Book Educations တို့ ပူးပေါင်းကျင်းပခဲ့တဲ့ ပွဲရဲ့ အဓိက ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ Speaker Nele Noe နဲ့အတူ သင်ကြားရေးဆိုင်ရာ အတွေးအမြင် အသစ်တွေကို အတူတူ လေ့လာဖလှယ်ခဲ့ကြပါတယ်။
Adaptive Teaching — သင်ယူသူရဲ့ လိုအပ်ချက်အလိုက် ညှိယူသင်ကြားပေးခြင်း
Adaptive Teaching ဆိုတာ သင်ယူသူ တစ်ယောက်ချင်းစီအတွက် သင်ခန်းစာတွေ သီးခြားခွဲပြီး ရေးဆွဲရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ယူသူတွေရဲ့ လက်ရှိ နားလည်နိုင်စွမ်းနဲ့ လိုအပ်ချက်ကို ကြည့်ပြီး ရှင်းပြပုံ၊ မေးခွန်းမေးပုံနဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို အခြေအနေနဲ့ ကိုက်ညီအောင် လိုအပ်သလို ညှိပေးတာမျိုး ဖြစ်ပါတယ်။
ဥပမာအားဖြင့်—
- သင်ခန်းစာကို ကိုယ့်စကားနဲ့ကိုယ် ပြန်ရှင်းပြခိုင်းပြီး တကယ်နားလည်ရဲ့လားဆိုတာကို စစ်ဆေးတာမျိုး၊
- ပိုပြီး အကူအညီလိုတဲ့ သူတွေအတွက် နမူနာပြတာ ဒါမှမဟုတ် အဆင့်လိုက် ညွှန်ကြားချက်လေးတွေ ပေးတာမျိုး၊
- အဆင်သင့် ဖြစ်နေတဲ့ သူတွေကိုကျတော့ ပိုပြီး စဉ်းစားရမယ့် မေးခွန်းတွေနဲ့ စိန်ခေါ်မှုလေးတွေ ပေးတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။
အဓိက ရည်ရွယ်ချက်က သင်ယူရမယ့် ပန်းတိုင်ကို ပြောင်းပစ်ဖို့ မဟုတ်ဘဲ၊ အဲဒီပန်းတိုင်ဆီ အားလုံး အတူတူ သွားနိုင်ဖို့ လိုအပ်တဲ့ အထောက်အပံ့ကို ညှိပေးဖို့ပဲ ဖြစ်ပါတယ်။
Multilingual English Classroom ထဲမှာ လူတိုင်း ပါဝင်နိုင်ဖို့
ဘာသာစကား နောက်ခံ မတူညီတဲ့ သင်ယူသူတွေ စုနေတဲ့ English Classroom မျိုးမှာ ကိုယ့်အတွေးကို ရဲရဲဝံ့ဝံ့ ပြောရဲလာအောင် ယုံကြည်မှု တည်ဆောက်ပေးဖို့က အရမ်း အရေးကြီးပါတယ်။
ရှင်းလင်းတဲ့ ဥပမာတွေ သုံးတာ၊ အဖြေကို စဉ်းစားဖို့ အချိန်အလုံအလောက် ပေးတာနဲ့ အချင်းချင်း အတွဲလိုက် ဆွေးနွေးခွင့် (Pair work) ပေးတာစတဲ့ နည်းလမ်းတွေက သင်ယူသူတွေကို စာသင်ခန်းထဲမှာ ပိုပြီး ပါဝင်လာဖို့ အများကြီး ကူညီပေးနိုင်ပါတယ်။ ပွဲရဲ့ အဓိက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ “Unlocking Potential: Inclusive Strategies for the Multilingual English Classroom” ကလည်း ဒီလို မတူညီတဲ့ သင်ယူသူတွေကို နားလည်ပေးပြီး ပိုမို ပါဝင်နိုင်တဲ့ သင်ယူမှု ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ ဆရာ၊ ဆရာမတွေကို အတူတကွ စဉ်းစားခွင့် ရစေခဲ့ပါတယ်။
အတူတကွ လေ့လာခြင်းကနေ ပိုမိုကောင်းမွန်တဲ့ သင်ကြားမှုဆီသို့
သင်ယူသူတိုင်းကို နားလည်ဖို့ဆိုတာ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း အမြဲတမ်း ဆက်လက် လေ့လာပြီး အတွေ့အကြုံတွေ ဖလှယ်နေဖို့ လိုအပ်ပါတယ်။
ဒီပွဲလေးမှာ အချိန်ပေးပြီး ပါဝင်လေ့လာပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများ၊ ဧည့်သည်တော်များ၊ Speaker Nele Noe နဲ့ Hachette Learning အဖွဲ့သား အားလုံးကို U-Book Educations ကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
မတူညီတဲ့ သင်ယူသူတိုင်းအတွက် အားလုံးပါဝင်နိုင်ပြီး တကယ် အဓိပ္ပာယ်ရှိတဲ့ သင်ယူမှု အတွေ့အကြုံတွေကို ရှေ့ဆက်ပြီး အတူတူ ဖန်တီးသွားကြရအောင်ပါ။








